Dhamma: January 2010

Fun for My Friends

Sunday, January 17, 2010

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ - မှတ်မှတ်ရရ သြ၀ါဒများ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊




၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊



၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊



၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။



၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။



၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။



၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။



၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။



၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။



၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။



၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။



၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊



၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊



၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊



၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊



၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊



၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊



၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊



၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊



၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။



မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

ဘုရားရှင်တို့၏ ဉာဏ်တော် ၁၀-ပါး နှင့် အသုံးချတော်မူပုံ

၁။ ဌာနာဌာန ကောသလ္လ ဉာဏ်တော်

အကြောင်းဟုတ်၊ မဟုတ်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၂။ ဝိပါက ဉာဏ်တော်

ကောင်းကျိုး ၊ မကောင်းကျိုးကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၃။ သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဉာဏ်တော်

သတ္တ၀ါတို့လားရာ ၊ရောက်ရာကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၎။ အနေကဓာတု နာနာဓာတု ဉာဏ်တော်

အထူးထူးသော ဓာတ်သဘောများကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၅။ နာနာဓိမုတ္တိက ဉာဏ်တော်

သတ္တ၀ါတို့၏ ဆန္ဒအလိုကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၆။ ဣနြ္ဒိယ ပရောပရိယတ္တိ ဉာဏ်တော်

လူ၊ နတ်၊ ဗြဟ္မာတို့၏ ဣနြေ္ဒအနုအရင့်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၇။ ဈာနဝိမောက္ခ သမာဓိသမာပတ္တိ (ဝါ) ဈာနဒိသံကိလေသ ဉာဏ်တော်

ဈာန်၊ ဝိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသောအရပ်သို့ပင် ကြွရောက် တော်မူပါသည်။)



၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်

ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို မဖောက်မပြန် ဧကန်မယွင်းသိမြင်တော်မူခြင်း။

(ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)



၉။ စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခု ဉာဏ်တော်

သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်းတို့ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)



၁၀။ အာသ၀က္ခယ ဉာဏ်တော်

အာသဝေါတရား၊ ကိလေသာမာန် ဘေးရန်ခပင်းကုန်ခန်းခြင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)



--

With Metta,



Webmaster

Dhammaransi.net

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။


ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။

ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။

(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)

ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)

၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။


မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။


ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။

နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။


ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။


ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။


ပထမသင်္ဂါယနာ-

ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--


ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။


မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။


ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။


ဒုတိယသင်္ဂါယနာ-

(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။


တတိယသင်္ဂါယနာ-

(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။


တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။


(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-

၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။

၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။

၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။

၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။

၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။


စတုတ္ထသင်္ဂါယနာ-

(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။


နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-


ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-

မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-

တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-

ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။


ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-

ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-

ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-

ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-

ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-

အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-

တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-

ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-

အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-

မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။


ပဉ္စမသင်္ဂါယနာ-

A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။

ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။


ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-

A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။


အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-

A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။


ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-

A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။

A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။


ဆဋ္ဌသင်္ဂါယနာ-

A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။


အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။


မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။


အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-

A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။


ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-

A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။


အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-

A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။


မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည် မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။


ကိုးကား--

ဝိနည်းစူဠ၀ါပါဠိတော်

ပါရာဇိကဏ္ဍအဋ္ဌကထာ

မဟာဝံသ

စူဠ၀ံသ

ဦးသာမြတ် “Buddhism in Southeast Asia”

http://www.nibbana.com/



--

With Metta,

Webmaster
Dhammaransi.net

ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်

လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။

ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။


စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။


အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။


လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။


ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။


လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။


လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။


လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။


ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။

အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။

သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။


အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။

လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။


ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။

မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။

မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။


မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။

ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး

ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။

သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။


သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။

သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။



ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။



ပါဏာတိပါတ် ၊သူ့သက်သတ်က

ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်

အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး

ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ

အနာများလျှက် ၊ခြွေရံပျက်၍

အသက်တိုလျ ၊ ပြစ်များစွာ့သည်

ရှောင်က အပြန်အကျိုးတည်း။



အဒိန္နဒါ ၊ ခိုးမိပါမူ

ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ

လိုရှိမရ ၊ ဘောဂပျက်စီး

ရေမီးသူခိုး ၊ မွေခံဆိုးနှင့်

မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်

ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်

ရှောင်ခါ အပြန်အကျိုးတည်း။


မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း

မုန်းကြသူများ ၊ရန်သူပွား၍

ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏

ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ

မျက်နှာမလှ ၊ အရှက်ရလျှက်

လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်

စိုးရိမ်များစွာ ၊ ချစ်သူကွာသည်

ရှောင်ခါ အပြန်အကျိုးတည်း။


မုသားစကား ၊ ပြောဆိုငြားမူ

စကားမပီ ၊ သွားမညီတည်း

ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ

ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏

မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်

လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်

ရှောင်ပြီအပြန်အကျိုးတည်း။


သေရည်သောက်လင့် ၊သင့်မသင့်၌

ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး

ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း

ခမင်းများထို ၊ အကုသိုလ်ကို

မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်

ရှောင်ခါအပြန်အကျိုးတည်း။



ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။



အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)


--

With Metta,
Webmaster
Dhammaransi.net

Saturday, January 16, 2010

ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

မြတ်စွာဘုရားသည်
(၁) ပုံတော် မြတ်ဘုရား (၂) ဂုဏ်တော် မြတ်ဘုရား ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။
ထိုနှစ်မျိုးကို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များ သိရှိလိုက်နာ မှတ်သားစေရန် ရေးသားဖော်ပြအပ်ပါသည်။

၁။ ပုံတော်မြတ်စွာဘုရားဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထုလုပ်ထားသော ဆင်းတုတော်ကို ခေါ်ဆိုလေသည်။ ထိုဆင်းတုတော် ပုံတော်တို့ကို ဗုဒ္ဓဘာသာနွယ်ဖွား သူတော်စင်များတို့သည် ကိုးကွယ်ဆည်းကပ်ကြသည်။ ကိုးကွယ်ဆည်းကပ်သူတိုင်းကိုလည်း အကျိုးပေးသည်။

ပုံတော်တို့သည်-
(က) မတ်တတ်ရပ်တော်မူပုံ။ (ခ) ထိုင်နေတော်မူပုံ။ (ဂ) လျောင်းတော်မူပုံ ဟူ၍ သုံးမျိုးသုံးစား ရှိလေသည်။
ထိုသုံးမျိုးကို ဥဒ္ဒိဿက စေတီသုံးမျိုးဟု ခေါ်ဆိုလေသည်။

မတ်တတ်ရပ်တော်မူပုံသည်လည်း-
(၁) ဗျာဒိတ်ပေးတော်မူပုံ (၂) ဒေသစာရီ ကြွချီပုံ (၃) နာဠာဂီရိဆင်ကို အောင်မြင်တော်မူပုံ
(၄) မတ်တတ်ရပ်တော်ဖြင့် အလှူခံတော်မူပုံ (၅) ရှောင်တခင် ကြွရောက်သတိပေးခြင်း၊ သြ၀ါဒပေးခြင်း ပြုလုပ်တော်မူပုံ စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

ထိုင်နေတော်မူပုံသည်လည်း-
(၁) ဈာနမုဒြာခေါ် သမာပတ်ဝင်စားပုံ၊ (စက္ခုနြေ္ဒချထား၍ ၀ဲဘက်လက်ဝါးပေါ် ယာလက်ဝါးတင်၍ တရားထိုင်သည့်ဟန်)
(၂) ဓမ္မစကြာပုံ (၀ဲဘက် လက်ခလယ်ကို ယာဘက်လက်ညှိုးဖြင့် ထောက်ပြသည့်ဟန်)
(၃) ဘူမိဖဿ (ယာဘက်လက်ကို မြေကြီးထိစေလျက် ၀ဲဘက် လက်ခလယ်ကို တင်ပလ္လင်ခွေပေါ်မှာ ပက်လက်လှန်ထားသည့်ဟန်)
စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

မြတ်စွာဘုရားသည် အရှေ့အရပ်သို့ မျက်နှာမူ၍သာ ထိုင်တော်မူလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားဖြစ်တော်မူချိန်မှာပင် အရှေ့ဘက်သို့ မျက်နှာမူကာ ထိုင်နေတော်မူသည်။

လျောင်းတော်မူသည်မှာ-
ခြင်္သေ့မင်းကဲ့သို့ ယာဘက်ကို စောင်းလျက် လဲလျောင်း ကျိန်းစက်လေ့ရှိသည်။ ယာဘက်ခြေတော်ပေါ်၌ ၀ဲဘက်ခြေတော်ကို အနည်းငယ်လွန်၍ ထား၏။ ခြေဖ၀ါးနှစ်ခု တညီတည်း ထားလျှင် ဒူးဆစ်တော်အချင်းချင်း၊ ဖမျက်တော်အချင်းချင်း ထိခိုက်နေ၍ နာကျင်ခြင်း ဖြစ်တတ်သည်။

အထက်ဖော်ပြပါ ဥဒ္ဒိဿက စေတီများကို ထုလုပ်ကိုးကွယ်ကြရာတွင်-
(က) ကြွချီတော်မူပုံ (ခ) ရပ်တော်မူပုံ (ဂ) ထိုင်နေတော်မူပုံနှင့် (ဃ) လျောင်းတော်မူပုံ စသော ဘုရားရှင်၏ ပုံတော်များကို အများဆုံး ဖူးတွေ့နိုင်ပေသည်။ ထိုပုံတော်များကို ဖူးတွေ့ကြရသည့်အခါ မိမိ၏ စိတ်အစဉ်တွင် မည်ကဲ့သို့ ထားရှိပြီး ဖူးမြော်ကြည်ညိုရမည်ကို ရေးသားတင်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါသည်။

ကြွချီတော်မူပုံ-
နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူသည့်အခါတွင်လည်း ဝေနေယျသတ္တ၀ါတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူ၏။ ယခုအခါ ကြွသွားတော်မူပုံကို ထုလုပ်ထားသော ရုပ်ပုံ ရုပ်ပွးတော်၊ ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွား တို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံလောက်တွင်သာမက အသက်ရှင်တုန်းအခါက မိဘဘိုးဘွားကိုပါ တခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေကိုပါ ထင်ယောင်၊ မြင်ယောင်ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်၊ မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ရပ်တော်မူပုံ-
ဗုဒ္ဓမြတ်စွာဘုရားသည် ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ရပ်တန့်တော်မူ၏။ ရပ်တော်မူလျက် ဝေနေယျသတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ရပ်တော်မူနေပုံကို ထုလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်သည် ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ရိုသေစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ထိုင်နေတော်မူပုံ-
သက်တော်ထင်ရှား ဘုရားရှင်သည် ပရိသတ်အလယ်တွင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက် တင်ပလ္လင်ဖွဲ့ခွေ ထိုနေတော်မူလျက် တရားဟောပြောကာ သတ္တ၀ါအများ၏ အကျိုးကို ဆောင်ရွက်တော် မူခဲ့ပါသည်။ ထို့ကြောင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အနီးထံပါးဝယ် တရားဓမ္မသြ၀ါဒတော်များ လိုက်နာကြားနာနေကြရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြရပါမည်။

လျောင်းတော်မူပုံ-
မြတ်စွာဘုရားသခင်သည် ညဥ့်အခါ ဂန္ဓကုဋီတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက် နတ်ဗြဟ္မာများ၏ လျှောက်ထားလာသမျှသော အမေးပုစ္ဆာမှန်သမျှတို့ကို ဖြေရှင်းဟောပြတော်မူ၍ သတ္တ၀ါတို့၏ အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ ရွှေသာလျောင်း-ဟုခေါ်ဆိုအပ်သော လျောင်းတော်မူပုံကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား မြတ်စွာဘုရားသည် အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို ထင်မြင်လာအောင် ဖူးမြော်ကြည်ညိုကြရန် ဖြစ်ပါသည်။

ဤသို့ ပုံတော်အမျိုးမျိုးကို ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းသည် ကုသိုလ်အကျိုးထူးကို ဖြစ်စေပါသည်။ သို့သော် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ၀က္ကလိရဟန်းကဲ့သို့ လိုတော့ မဖြစ်စေချင်ပါ။ ၀က္ကလိရဟန်းသည် ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မကြည်ညိုဘဲ ပုံတော်ကိုသာ ကြည်ညိုနေ၍ ကုသိုလ်ထုး မရဘဲ-တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ) ဟု ဘုရားရှင်၏ ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။

ဂုဏ်တော်မြတ်ဘုရား-
ဂုဏ်တော်မြတ်ဘုရား ဟူသည် အပိုင်းအခြားမရှိသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ခေါ်ဆိုလေသည်။ ထိုဂုဏ်တော်တို့သည်-
(၁) အရဟံဂုဏ်တော်
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
(၃) ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
(၄) သုဂတဂုဏ်တော်
(၅) လောက၀ိဒူဂုဏ်တော်
(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်
(၇) သတ္ထာဒေ၀မနုဿာနဂုဏ်တော်
(၈) ဗုဒ္ဓဂုဏ်တော်
(၉) ဘဂ၀ါဂုဏ်တော် အားဖြင့် ဂုဏ်တော် ၉-ပါးရှိလေသည်။

ထိုဂုဏ်တော် ၉-ပါး၏ ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၄) သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ကြရမည် ဖြစ်သည်။

ထိုသို့ပူဇော်ခြင်းသည်လည်း-
(၁) အာမိသပူဇာ (၂) ဓမ္မပူဇာအားဖြင့် နှစ်မျိုးရှိလေသည်။

အာမိသပူဇာဖြင့် ပူဇော်ပုံမှာ-
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အသုံးအဆောင်များအား ပူဇော်ရာ၌ အရဟံ-ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက် ရှိပုံ။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှု ဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော် မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံစသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ပန်း-ရေချမ်း-ဆွမ်း-ဆီမီး အသီးသီးတို့ကို ကပ်လှူပူဇော်ရပါမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူဒါန်းခဲ့လျှင်ကား အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။)

ဓမ္မပူဇာဖြင့် ပူဇော်ပုံမှာ-
ဓမ္မပူဇာ-တရားဖြင့် ပူဇော်ရာ၌ မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး အနောက်အကျူတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံ စသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ဂုဏ်တော် ၉-ပါးကို အာရုံပြု ရွတ်ဆို၍ ပူဇော်ရပါမည်။

ပုံတော်ကို ပုံတော်အတိုင်း မထားဘဲ ဂုဏ်တော်ဖြင့် ထုံမွှမ်း၍ ပူဇော်လျှင် အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်း စသော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်မြင်လာအောင် မှန်းဆသူသည် ဘုရားရှင်ကို ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် စေတီတော်များအနီး၌ မလေးမစား မနေ၀ံ့တော့ပေ။

သို့ရာတွင် လောက၌ ပုဂ္ဂိုလ်တဦးတယောက်အပေါ်တွင် ထိုသူ၏ဂုဏ်ထူးကို မသိခင်က ကြည်ညိုပြီးနောက် ထိုသူ၏ ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန် ပိုမိုကြည်ညိုလေးစား အားထားကိုးကွယ်လိုသော စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ အထက်က ဖော်ပြခဲ့သော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကိုပင် မိမိဉာဏ်မီသမျှ သိရှိကြလျှင် မိမိ၏ သဒ္ဓါပညာတို့သည် ရှေးကထက် သာလွန်တိုးပွားကြရမည် ဖြစ်ပေသည်။

ကျွန်တော် အပါအ၀င် စာရှုသူတို့သည် ဘ၀များစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း မိမိတို့စိတ်ထဲ၌ ဤကဲ့သို့ ဘုရားရှင်ဟူသော အာရုံမျိုးကို ရယူနိုင်ဖို့ရာ လွန်စွာခဲယဉ်းပါသည်။ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပေသည်။ ထို့ကြောင့် အေးအေးဆေးဆေး မိမိတို့အိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ် အနက်သဘောကို နှုတ်တက်ဆောင်ထားပြီး မိမိ၏ မျက်စိကိုမှိတ်၍ ဖြစ်သော အာရုံ၌ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ အထက်ကပြဆိုခဲ့ပြီးသော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော သီလကို ဆောက်တည်ကာ အာရုံပြုကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။

ဘုရားရှင်သည် သက်တော် ၂၉-နှစ်အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈၀-အပြည့်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဘုရားအဖြစ် ၀ါတော် ၄၅-၀ါမျှသာ သီတင်းသုံးတော်မူရသည်။ ထို ၄၅-၀ါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာကို ယုံကြည်သူတို့ ကိုးကွယ်ဆည်းကပ်နိုင်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့် အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။

အသက်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တလုံးတခဲတည်း တည်ရစ်တော်မူပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော စေတီပုထိုးတော်၊ ရုပ်ပွားတော်များကို ဖူးဇော်ရသောအခါ၌ ဓာတ်တော်၊ စေတီတော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြရန် ဖြစ်သည်။

အချုပ်ဆိုသော် ပုံတော်မြတ်ဘုရား၏ ပုံတော်အတွင်း၌ ဂုဏ်တော်မြတ်ဘုရား၏ ဂုဏ်တော်တို့ကို သွင်းယူပူဇော်လျက် တိဟိတ်ဥက္ကဋ္ဌ ကုသလ (ဉာဏ်နှင့်ယှဉ်၍ရအပ်သော ကုသိုလ်ထူး) ကို ရရှိမည်မှာ မုချဧကန် စင်စစ်အမှန်ပင် ဖြစ်ပေသည်။

( သန်းဝင်းရှိန်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)

အလင်းနိမိတ်နဲ့ ဘုရားဖူးခြင်းအပေါ် ဗန်းမော်ဆရာတော်ကြီးရဲ့ အမြင်

မြေဇင်းတောရ ဆရာတော် ဘုရားကြီး၏ ပဓာန ပါရဂူကျမ်းကို ဖတ်ရှုကြည့် ပါသည်၊ ဆရာတော် ဘုရားကြီးနှင့် ယောဂီ ပုဂ္ဂိုလ်တို့ တွေ့ရှိချက် တွေကို မေးဖြေ နေတာ တွေ့ရှိရသည်။ အချို့အချက် အလက် တွေကို ဆရာတော် ဘုရားကြီးက နည်းလမ်း မှန်အောင် ပြင်ဆင် ပေးသည်ကို တွေ့ရှိရပါသည်.

အာနာပါန ကမ္မဋ္ဌာန်းမှ အနုလောမ ဉာဏ်အထိ ရှင်းလင်း ပြသသည်ကို တွေ့ရှိရပါသည်၊ ဤစာအုပ်၌ ထူးခြားချက်မှာ အာနာပါန အားထုတ်ပြီး နိမိတ်တွေ ရလာသည်။ ၎င်း ရလာသော နိမိတ်ကို ကြီးထွားအောင် အားထုတ်ပြီး အဝေး အနီး ဘုရား စေတီများကို အားထုတ်ခြင်း ဖြစ်ပေသည်၊ ဤမျှလောက် အားထုတ်ရုံ မျှဖြင့် ဘုရား စေတီများကို ဖူးလို့ ရပါသလားဟု မေးဖွယ် ရှိ၏။ ဘုရားဟော ကျမ်းစာတွေ ထဲမှာ ဤလို နည်းတွေပါ ပါရဲ့လား ဟုလည်း မေးဖွယ်ရှိ၏.

အောက်ပါ အရုဏ ၀တီသုတ္တန် နှင့် အဋ္ဌကထာ တို့ကို ကြည့်ရှု လိုက်လျင် ရှင်းသွား ပါလိမ့်မည်၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၃၁ ကမ္ဘာ အထက်၌ သိခီ မြတ်စွာ ဘုရား ပွင့်တော်မူ၏. သိခီ မြတ်စွာ ဘုရားမှာ အဘိဘူ နှင့် သမ္ဘ၀ ဟူသော အဂ္ဂ သာဝက ရဟန္တာ ၂ ပါးရှိသည်။

တရံရော အခါ သိခီ မြတ်စွာဘုရား နှင့် အဘိဘူ လက်ယာ တော်ရံ တပည့်တို့ ဗြဟ္မာဘုံသို့ ကြွသွား ကြသည်။ သိခီ မြတ်စွာ ဘုရား၏ စေခိုင်းချက်အရ အဘိဘူ ရဟန်းသည် အောက်ပါ နှစ်ဂါထာကို စကြာဝဠာ တထောင် အတွင်းရှိ သတ္တ၀ါ အားလုံး ကြားအောင် မြင်အောင် ဟောကြား လေသည်၊

အာရမ္ဘထ နိက္ကမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ
ဓုနာထ မစ္စုနော သေနံ နဠာဂါရံဝ ကုဉ္ဇရော
ယော မသ္မိ့ ဓမ္မ၀ိနယေ အပ္ပမတ္တော ၀ိဟေဿတိ
ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။ ဟူသော နှစ်ဂါထာကို

ယခုခေတ် ရုပ်မြင်သံကြားဖြင့် အသံကော ရုပ်ကောင် မြင်အောင် ကြားအောင် ထုတ်လွှင့် သကဲ့သို့ အဘိဘူ ရဟန်းသည် မြင်အောင် ကြားအောင် ထုတ်လွှင့်ခဲ့ လေသည်၊ ဒီနေရာ၌ အဋ္ဌကထာ ဆရာတော်က အဘိဘူ ရဟန်း ထုတ်လွှင့်ပုံကို ဖော်ပြထား သည်မှာ...

အဘိဘူ ရဟန်းသည် ရှေးဦးစွာ နီလ ကသိုဏ်း ဈာန်ကို ၀င်စား၍ နီလ ကသိုဏ်း နိမိတ်ဖြင့် စကြာဝဠာ တထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တထောင်လုံး ညကဲ့သို့ ဖြစ်သွားသည် မှောင်သွားသည်၊ ထို့နောက်မှ ဩဒါတ ကသိုဏ်း ဈာန်ဝင်စား၍ ဩဒါတ ကသိုဏ်း နိမိတ်ဖြင့် စကြာဝဠာ တစ်ထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တစ်ထောင်လုံး နေကဲ့သို့ လင်းထိန် သွားသည်. ထိုအခါမှ အထက်ပါ နှစ်ဂါထာကို ဟောကြားရာ အားလုံး သတ္တ၀ါတို့ အဘိဘူ ရဟန်း၏ ရုပ်အဆင်း ကိုလည်း မြင်ရသည် တရားအသံ ကိုလည်း ကြားကြရ သည်ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ပြသည်။

မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရားကြီး၏ နည်းသည် လည်း အရုဏ ၀တီသုတ် အဋ္ဌကထာ အဖွင့်နှင့် ညီညွတ်သဖြင့် ယုံကြည် စိတ်ချစွာဖြင့် အားထုတ် သင့်ကြ ပေသည်၊ အကယ်၍ ဘုရား မဖူးချင် လျင်လည်း မိမိ ခန္ဓာရှိ ၃၂ ကောဋ္ဌာသ အာရုံများကို အာနာပါန နိမိတ်ဖြင့် ထိုးကြည့်ပြီး ရုပ်နာမ် ဖြစ်ပျက်ကို ရှုလျင်လည်း အလွန် တရာမှ ကြည်လင် ပြတ်သားစွာ ဖြစ်မှု ပျက်မှုများကို မြင်နိုင်ပါသည်၊

အာနာပါန သမာဓိနှင့် ကသိုဏ်း နိမိတ်တို့၏ အကူ အညီဖြင့် ၀ိဿနာ ရှုလျင်လည်း ၀ိပဿနာ သက်သက် ထက်ပို၍ ကောင်းပါသည်၊ ထို့ကြောင့် မောင်းထောင် မြေဇင်းတောရ ဆရာတော်၏ ပဓာန ပါရဂူ ကျမ်းကို ကြည့်ရှု၍ အားထုတ် လိုသူများ စိတ်ချ လက်ချ ယုံကြည်စွာဖြင့် အားထုတ်သင့် ကြပေသည်။


ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်
ဒုတိယပါမောက္ခချုပ်

ပုထုဇဉ် နှင့် သောတာပန်

ပုထုဇဉ် (၂) မျိုး ။
( ၁ ) အန္ဓ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့်ပင် မသိသူ ။
(၂) ကလျာဏ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဥာဏ်ရှိသူ ။

သောတာပန် (၂ ) မျိုး ။
(၁) စူဠသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ် ။ ( ၀ိပဿနာ ရှုလို့ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများတယ် လို့ ဆရာတော်များ ဟောကြားကြတာ ဒါကြောင့်လည်း ဖြစ်ပါတယ် ။ )

အဆင့်အတန်း ။
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလားပါ။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခာကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး ။
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်- မိုးကုတ်တရားမှဥပမာ )

သောတာပန်နဲ့ ပုထုဇဉ် ကွာခြားချက်ကတော့ အပေါ်က ရေးထားတာတွေပါပဲ ။
(၁) ပုထုဇဉ် သည် လောဘ၊ဒေါသ၊မောဟ ၊ ကိလေသာ နဲ့ ဆုံရင် ဖြစ်ကြောရှည်တယ် ။ သောတာပန် သည် ဖြစ်ကြောတိုတယ် ။ ကိလောသာထတိုင်း သတိနဲ့ သိတယ် ။
(၂) ပုထုဇဉ် သည် ကိလေသာ နဲ့ ဆုံရင် ကိလေသာကို အလိုလိုက်တယ်။ အခွင့်အရေးပေးတယ်။ သောတာပန် က ငြိမ်းအေးအောင် ချက်ချင်းကြိုးစားတယ်။
(၃) ပုထုဇဉ် သည် အဟောပြောကောင်းသူနဲ့တွေ့ရင် အားလုံးပြောင်းလဲတွေဝေတယ်။ သစ္စာတရားအပေါ်မှာ ခိုင်မာသော ယုံကြည်မှု မရှိဘူး။ သောတာပန် က ထွက်မြောက်ရာလမ်းသည် မဂ္ဂ (၈)ဖြာ ဗုဒ္ဓသာသနာ မှာပဲရှိကြောင်း အကြွင်းမဲ့ ယုံတယ်။
..........စသည် ဖြင့် ( ၇)ချက်ပါပဲ ။

သောတာပန်ဖြစ်ရန် အင်္ဂါ (၄) ပါး

သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊ ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိသားပဲ။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။

(၁) သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)
(၂) သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကို ရွေး၍နာ။)
(၃) ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)
(၄) ဓမ္မာနုဓမ္ဓပဋိပတ္တိ (ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ)
တရားထူးဖြင့် ချမ်းသာကြပါစေ ။

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား (ဓမ္မဒူတ အရှင်ပညာဇောတ)

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"


"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး

ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူ၍ ၄-မျိုးကွဲပြားလျက် ရှိပေသည်။

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ပေသည်။

ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။

ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။
ဆောင်ပုဒ်။ မျက်မှောက်ဘ၀၊ ကျိုးပေးက၊ ဒိဋ္ဌဓမ္မမည်။

ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ-
၁။ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်၊ ရဟန္တာ ဖြစ်ခြင်း။
၂။ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ်၏ စေတနာ ၃-တန် ထက်သန်ခြင်း။
ဤထူးခြားသည့်အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။

အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ မြက်ထမ်းသမားသည် ထူးခြားသော အကြောင်း ၄-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။
တချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္နဘာရဟူသော အမည်ဖြင့် သုမနသူဌေးအိမ်၌ မှီခို၍ နေရသော ဆင်းရဲသား မြက်ထမ်းသမား ဖြစ်ခဲ့ရပေသည်။ အန္နဘာရမြက်ထမ်းသမားသည် တနေ့သောအခါ တောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲ့လေ၏။ ထိုအချိန်မှာ ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှထ၍ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္နဘာရမြက်ထမ်းသမား၏ ရှေ့မှ သက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။

ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံ ပြန်သွား၍ နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကို မကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။

ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါ သူမနသူဌေးက အန္နဘာရ၏ ဆွမ်းအလှူကို တကျပ်မှစ၍ တထောင်ထိအောင် တိုးပေး၍ ၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။

ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်-
၁။ အလှူခံပုဂ္ဂိုလ်၏ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ခြင်း။
၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ၏ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ တထပ်စာဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ စေတနာ ၃-တန် ထက်သန်ခြင်း
ဟူသော ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံသောကြောင့် အန္နဘာရသည် ယခုဘ၀၌ပင် မြက်ထမ်းသမား ဆင်းရဲသားဘ၀မှ သူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇော ကုသိုလ်စေတနာကံ၏ အကျိုးပေးပင် ဖြစ်ပေသည်။

ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်က အကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်း အကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။

( ၂ ) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။
ဆောင်ပုဒ်။ ဒုတိယဘ၀၊ ကျိုးပေးက၊ ဥပပဇ္ဇမည်။

သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံး အဆုံးဇောစေတနာကံဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀ စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။

( ၃ ) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှ စ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများက ရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။
ဆောင်ပုဒ်။ တတိယဘ၀မှ၊ နိဗ္ဗာန်ကျထိ၊ ကျိုးပေးဘိ၊ အပရာပရိမည်။

( ၄ ) အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌ အကြောင်းမသင့် အခွင့်မသာ၍ အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။
ဆောင်ပုဒ်။ အကျိုးမပေးပြန်၊ အဟောသိကံ၊ အမှန်ဖြစ်ပေသည်။

ဤကဲ့သို့ ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့်-
၁။ ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ ကံသာဖြစ်၍ အကျိုးမပေးသောကံ။
ဟူ၍ ၄-မျိုး ကွဲပြားလျက် ရှိကြပေသည်။

အကုသိုလ်ကံတို့သည်လည်း ကုသိုလ်ကံတို့ကဲ့သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။

သဒ္ဓမ္မရံသီ-ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )