Dhamma: မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

Fun for My Friends

Saturday, January 16, 2010

မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

မြတ်စွာဘုရားသည်
(၁) ပုံတော် မြတ်ဘုရား (၂) ဂုဏ်တော် မြတ်ဘုရား ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။
ထိုနှစ်မျိုးကို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များ သိရှိလိုက်နာ မှတ်သားစေရန် ရေးသားဖော်ပြအပ်ပါသည်။

၁။ ပုံတော်မြတ်စွာဘုရားဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထုလုပ်ထားသော ဆင်းတုတော်ကို ခေါ်ဆိုလေသည်။ ထိုဆင်းတုတော် ပုံတော်တို့ကို ဗုဒ္ဓဘာသာနွယ်ဖွား သူတော်စင်များတို့သည် ကိုးကွယ်ဆည်းကပ်ကြသည်။ ကိုးကွယ်ဆည်းကပ်သူတိုင်းကိုလည်း အကျိုးပေးသည်။

ပုံတော်တို့သည်-
(က) မတ်တတ်ရပ်တော်မူပုံ။ (ခ) ထိုင်နေတော်မူပုံ။ (ဂ) လျောင်းတော်မူပုံ ဟူ၍ သုံးမျိုးသုံးစား ရှိလေသည်။
ထိုသုံးမျိုးကို ဥဒ္ဒိဿက စေတီသုံးမျိုးဟု ခေါ်ဆိုလေသည်။

မတ်တတ်ရပ်တော်မူပုံသည်လည်း-
(၁) ဗျာဒိတ်ပေးတော်မူပုံ (၂) ဒေသစာရီ ကြွချီပုံ (၃) နာဠာဂီရိဆင်ကို အောင်မြင်တော်မူပုံ
(၄) မတ်တတ်ရပ်တော်ဖြင့် အလှူခံတော်မူပုံ (၅) ရှောင်တခင် ကြွရောက်သတိပေးခြင်း၊ သြ၀ါဒပေးခြင်း ပြုလုပ်တော်မူပုံ စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

ထိုင်နေတော်မူပုံသည်လည်း-
(၁) ဈာနမုဒြာခေါ် သမာပတ်ဝင်စားပုံ၊ (စက္ခုနြေ္ဒချထား၍ ၀ဲဘက်လက်ဝါးပေါ် ယာလက်ဝါးတင်၍ တရားထိုင်သည့်ဟန်)
(၂) ဓမ္မစကြာပုံ (၀ဲဘက် လက်ခလယ်ကို ယာဘက်လက်ညှိုးဖြင့် ထောက်ပြသည့်ဟန်)
(၃) ဘူမိဖဿ (ယာဘက်လက်ကို မြေကြီးထိစေလျက် ၀ဲဘက် လက်ခလယ်ကို တင်ပလ္လင်ခွေပေါ်မှာ ပက်လက်လှန်ထားသည့်ဟန်)
စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

မြတ်စွာဘုရားသည် အရှေ့အရပ်သို့ မျက်နှာမူ၍သာ ထိုင်တော်မူလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားဖြစ်တော်မူချိန်မှာပင် အရှေ့ဘက်သို့ မျက်နှာမူကာ ထိုင်နေတော်မူသည်။

လျောင်းတော်မူသည်မှာ-
ခြင်္သေ့မင်းကဲ့သို့ ယာဘက်ကို စောင်းလျက် လဲလျောင်း ကျိန်းစက်လေ့ရှိသည်။ ယာဘက်ခြေတော်ပေါ်၌ ၀ဲဘက်ခြေတော်ကို အနည်းငယ်လွန်၍ ထား၏။ ခြေဖ၀ါးနှစ်ခု တညီတည်း ထားလျှင် ဒူးဆစ်တော်အချင်းချင်း၊ ဖမျက်တော်အချင်းချင်း ထိခိုက်နေ၍ နာကျင်ခြင်း ဖြစ်တတ်သည်။

အထက်ဖော်ပြပါ ဥဒ္ဒိဿက စေတီများကို ထုလုပ်ကိုးကွယ်ကြရာတွင်-
(က) ကြွချီတော်မူပုံ (ခ) ရပ်တော်မူပုံ (ဂ) ထိုင်နေတော်မူပုံနှင့် (ဃ) လျောင်းတော်မူပုံ စသော ဘုရားရှင်၏ ပုံတော်များကို အများဆုံး ဖူးတွေ့နိုင်ပေသည်။ ထိုပုံတော်များကို ဖူးတွေ့ကြရသည့်အခါ မိမိ၏ စိတ်အစဉ်တွင် မည်ကဲ့သို့ ထားရှိပြီး ဖူးမြော်ကြည်ညိုရမည်ကို ရေးသားတင်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါသည်။

ကြွချီတော်မူပုံ-
နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူသည့်အခါတွင်လည်း ဝေနေယျသတ္တ၀ါတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူ၏။ ယခုအခါ ကြွသွားတော်မူပုံကို ထုလုပ်ထားသော ရုပ်ပုံ ရုပ်ပွးတော်၊ ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွား တို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံလောက်တွင်သာမက အသက်ရှင်တုန်းအခါက မိဘဘိုးဘွားကိုပါ တခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေကိုပါ ထင်ယောင်၊ မြင်ယောင်ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်၊ မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ရပ်တော်မူပုံ-
ဗုဒ္ဓမြတ်စွာဘုရားသည် ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ရပ်တန့်တော်မူ၏။ ရပ်တော်မူလျက် ဝေနေယျသတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ရပ်တော်မူနေပုံကို ထုလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်သည် ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ရိုသေစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ထိုင်နေတော်မူပုံ-
သက်တော်ထင်ရှား ဘုရားရှင်သည် ပရိသတ်အလယ်တွင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက် တင်ပလ္လင်ဖွဲ့ခွေ ထိုနေတော်မူလျက် တရားဟောပြောကာ သတ္တ၀ါအများ၏ အကျိုးကို ဆောင်ရွက်တော် မူခဲ့ပါသည်။ ထို့ကြောင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အနီးထံပါးဝယ် တရားဓမ္မသြ၀ါဒတော်များ လိုက်နာကြားနာနေကြရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြရပါမည်။

လျောင်းတော်မူပုံ-
မြတ်စွာဘုရားသခင်သည် ညဥ့်အခါ ဂန္ဓကုဋီတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက် နတ်ဗြဟ္မာများ၏ လျှောက်ထားလာသမျှသော အမေးပုစ္ဆာမှန်သမျှတို့ကို ဖြေရှင်းဟောပြတော်မူ၍ သတ္တ၀ါတို့၏ အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ ရွှေသာလျောင်း-ဟုခေါ်ဆိုအပ်သော လျောင်းတော်မူပုံကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား မြတ်စွာဘုရားသည် အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို ထင်မြင်လာအောင် ဖူးမြော်ကြည်ညိုကြရန် ဖြစ်ပါသည်။

ဤသို့ ပုံတော်အမျိုးမျိုးကို ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းသည် ကုသိုလ်အကျိုးထူးကို ဖြစ်စေပါသည်။ သို့သော် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ၀က္ကလိရဟန်းကဲ့သို့ လိုတော့ မဖြစ်စေချင်ပါ။ ၀က္ကလိရဟန်းသည် ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မကြည်ညိုဘဲ ပုံတော်ကိုသာ ကြည်ညိုနေ၍ ကုသိုလ်ထုး မရဘဲ-တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ) ဟု ဘုရားရှင်၏ ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။

ဂုဏ်တော်မြတ်ဘုရား-
ဂုဏ်တော်မြတ်ဘုရား ဟူသည် အပိုင်းအခြားမရှိသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ခေါ်ဆိုလေသည်။ ထိုဂုဏ်တော်တို့သည်-
(၁) အရဟံဂုဏ်တော်
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
(၃) ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
(၄) သုဂတဂုဏ်တော်
(၅) လောက၀ိဒူဂုဏ်တော်
(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်
(၇) သတ္ထာဒေ၀မနုဿာနဂုဏ်တော်
(၈) ဗုဒ္ဓဂုဏ်တော်
(၉) ဘဂ၀ါဂုဏ်တော် အားဖြင့် ဂုဏ်တော် ၉-ပါးရှိလေသည်။

ထိုဂုဏ်တော် ၉-ပါး၏ ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၄) သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ကြရမည် ဖြစ်သည်။

ထိုသို့ပူဇော်ခြင်းသည်လည်း-
(၁) အာမိသပူဇာ (၂) ဓမ္မပူဇာအားဖြင့် နှစ်မျိုးရှိလေသည်။

အာမိသပူဇာဖြင့် ပူဇော်ပုံမှာ-
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အသုံးအဆောင်များအား ပူဇော်ရာ၌ အရဟံ-ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက် ရှိပုံ။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှု ဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော် မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံစသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ပန်း-ရေချမ်း-ဆွမ်း-ဆီမီး အသီးသီးတို့ကို ကပ်လှူပူဇော်ရပါမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူဒါန်းခဲ့လျှင်ကား အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။)

ဓမ္မပူဇာဖြင့် ပူဇော်ပုံမှာ-
ဓမ္မပူဇာ-တရားဖြင့် ပူဇော်ရာ၌ မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး အနောက်အကျူတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံ စသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ဂုဏ်တော် ၉-ပါးကို အာရုံပြု ရွတ်ဆို၍ ပူဇော်ရပါမည်။

ပုံတော်ကို ပုံတော်အတိုင်း မထားဘဲ ဂုဏ်တော်ဖြင့် ထုံမွှမ်း၍ ပူဇော်လျှင် အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်း စသော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်မြင်လာအောင် မှန်းဆသူသည် ဘုရားရှင်ကို ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် စေတီတော်များအနီး၌ မလေးမစား မနေ၀ံ့တော့ပေ။

သို့ရာတွင် လောက၌ ပုဂ္ဂိုလ်တဦးတယောက်အပေါ်တွင် ထိုသူ၏ဂုဏ်ထူးကို မသိခင်က ကြည်ညိုပြီးနောက် ထိုသူ၏ ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန် ပိုမိုကြည်ညိုလေးစား အားထားကိုးကွယ်လိုသော စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ အထက်က ဖော်ပြခဲ့သော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကိုပင် မိမိဉာဏ်မီသမျှ သိရှိကြလျှင် မိမိ၏ သဒ္ဓါပညာတို့သည် ရှေးကထက် သာလွန်တိုးပွားကြရမည် ဖြစ်ပေသည်။

ကျွန်တော် အပါအ၀င် စာရှုသူတို့သည် ဘ၀များစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း မိမိတို့စိတ်ထဲ၌ ဤကဲ့သို့ ဘုရားရှင်ဟူသော အာရုံမျိုးကို ရယူနိုင်ဖို့ရာ လွန်စွာခဲယဉ်းပါသည်။ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပေသည်။ ထို့ကြောင့် အေးအေးဆေးဆေး မိမိတို့အိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ် အနက်သဘောကို နှုတ်တက်ဆောင်ထားပြီး မိမိ၏ မျက်စိကိုမှိတ်၍ ဖြစ်သော အာရုံ၌ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ အထက်ကပြဆိုခဲ့ပြီးသော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော သီလကို ဆောက်တည်ကာ အာရုံပြုကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။

ဘုရားရှင်သည် သက်တော် ၂၉-နှစ်အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈၀-အပြည့်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဘုရားအဖြစ် ၀ါတော် ၄၅-၀ါမျှသာ သီတင်းသုံးတော်မူရသည်။ ထို ၄၅-၀ါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာကို ယုံကြည်သူတို့ ကိုးကွယ်ဆည်းကပ်နိုင်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့် အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။

အသက်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တလုံးတခဲတည်း တည်ရစ်တော်မူပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော စေတီပုထိုးတော်၊ ရုပ်ပွားတော်များကို ဖူးဇော်ရသောအခါ၌ ဓာတ်တော်၊ စေတီတော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြရန် ဖြစ်သည်။

အချုပ်ဆိုသော် ပုံတော်မြတ်ဘုရား၏ ပုံတော်အတွင်း၌ ဂုဏ်တော်မြတ်ဘုရား၏ ဂုဏ်တော်တို့ကို သွင်းယူပူဇော်လျက် တိဟိတ်ဥက္ကဋ္ဌ ကုသလ (ဉာဏ်နှင့်ယှဉ်၍ရအပ်သော ကုသိုလ်ထူး) ကို ရရှိမည်မှာ မုချဧကန် စင်စစ်အမှန်ပင် ဖြစ်ပေသည်။

( သန်းဝင်းရှိန်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)

No comments: